အားကစားလုပ်နေရင်း ရုတ်တရက် အမောဖောက် အသက်ရှူကြပ်လာရတဲ့ အကြောင်းအရင်း
ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေချိန်မှာ ရုတ်တရက်အသက်ရှူကြပ်ခြင်းကို ဆေးပညာအားဖြင့် Exercise Induced Bronchoconstriction (EIB) လို့ ခေါ်ပြီး ပန်းနာရင်ကြပ်ရောဂါနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါရှိသူတွေရဲ့ ၉၀% မှာ EIB ဖြစ်တတ်ပေမယ့် EIB ဖြစ်သူတိုင်းက ပန်းနာရင်ကြပ်ရှိသူတွေ မဟုတ်ပါဘူး။ ပန်းနာရင်ကြပ်မရှိသူတွေဟာလည်း အားကစားလုပ်နေစဥ် ရုတ်တရက် အသက်ရှူကြပ်တာမျိုး ခံစားရနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်နေစဥ် ခန္ဓာကိုယ်ကနေ အပူဆုံးရှုံးတာ သို့မဟုတ် ရေဓာတ်ဆုံးရှုံးတာ သို့မဟုတ် နှစ်မျိုးလုံးကြောင့် ရုတ်တရက် အသက်ရှူကြပ်လာတတ်ပြီး
- မောတာ
- ရင်ဘတ်ထဲက ရွှီရွှီသံမြည်နေတာ
- ချောင်းဆိုးတာ
- လည်ချောင်းနာတာ
- ဗိုက်အောင်တာ စတဲ့ လက္ခဏာတွေပါ အတူတွဲ ခံစားရတတ်ပါတယ်။
အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်တဲ့အရာတွေနဲ့ ဆက်စပ်နေတဲ့ အားကစားအမျိုးအစားတွေ လုပ်နေစဥ်မှာ ပိုပြီး အဖြစ်များပါတယ်။
ဥပမာ…
- ကလိုရင်းခပ်ထားတဲ့ ရေကူးကန်မှာ ရေကူးခြင်း
- လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း
- အေးခဲနေတဲ့ နှင်းထုကြားမှာ ရေခဲပြင်ဟော်ကီ ကစားခြင်း၊ စကိတ်စီးခြင်း
- ပူပြင်းတဲ့ ရာသီဥတုမှာ ယောဂကျင့်ခြင်း၊ အေရိုးဗစ်ကစားခြင်းတွေ လုပ်နေစဥ် ရုတ်တရက် အသက်ရှူကြပ်ခြင်း အဖြစ်များပါတယ်။
EIB ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို သိနိုင်ဖို့ မလွယ်လှပါဘူး။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်က ရောဂါရာဇဝင် သေချာစစ်မေးတာ၊ ပြေးစက်ပေါ်မှာ ပြေးခိုင်းခြင်း သို့မဟုတ် စက်ဘီးစီးစက်ပေါ်မှာ စီးခိုင်းခြင်းဖြင့် လေ့ကျင့်ခန်းနဲ့ အားကစားလုပ်တာက အသက်ရှူခြင်းအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို စစ်ဆေးတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေရှိမရှိ စစ်ဆေးတာတွေကတဆင့် ရောဂါရှိမရှိ သိနိုင်ပါတယ်။
ဘယ်လိုကုမလဲ?
EIB ရှိတတ်လို့ လေ့ကျင့်ခန်းတွေ၊ အားကစားတွေ မလုပ်ဘဲနေဖို့ မလိုပါဘူး။
ပန်းနာရင်ကြပ်တွေမှာ သုံးလေ့ရှိတဲ့ Short-acting Beta2-agonists (Bronchodilators) ဂေါက်ရှူဆေးကို လေ့ကျင့်ခန်းမလုပ်ခင် ၁၅မိနစ် နာရီဝက်ခန့်က ရှူထားရင် ၂ နာရီကနေ ၄ နာရီအထိ အသက်ရှူမကြပ်အောင် ကာကွယ်ပေးနိုင်သလို ကုသဖို့အတွက်လည်း သုံးလို့ရပါတယ်။
စတီးရွိုက်ပါတဲ့ ရှူဆေးတွေကလည်း လေပြွန်တွေ ရောင်ရမ်းခြင်း၊ ကျဥ်းခြင်းကို သက်သာစေပါတယ်။ စတီးရွိုက်ရှူဆေးနဲ့ တွဲသုံးရတဲ့ Long-acting Inhaled Beta2-agonists (Bronchodilators) တွေက လေ့ကျင့်ခန်းမစခင် နာရီဝက်၊ တစ်နာရီခန့်က ရှူထားရင် ၁၀-၁၂ နာရီအထိ ကာကွယ်ပေးနိုင်ပါတယ်။
Leukotriene Receptor Inhibitor ဖြစ်တဲ့ Montelukast ကိုလည်း EIB အတွက် သုံးလေ့ရှိပါတယ်။ ဒီဆေးတွေအားလုံးဟာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲရမယ့်ဆေးတွေ ဖြစ်ပါတယ်။
- လေ့ကျင့်ခန်းမစခင် သွေးပူလေ့ကျင့်ခန်း ၁၅ မိနစ်ခန့် လုပ်တာ
- အေးတဲ့ရာသီဥတုမှာဆိုရင် ပါးစပ်နဲ့နှာခေါင်းကို ပုဝါနဲ့ အုပ်ထားတာ( ဥပမာ…ဆောင်းရာသီမှာ မနက်ထပြေးတာမျိုး)
- လေ့ကျင့်ခန်းလုပ်စဥ် တတ်နိုင်သမျှ အသက်ရှူတာ နှာခေါင်းကနေ(လေကို နွေးစေလို့ပါ)
- လေထုညစ်ညမ်းတဲ့နေရာတွေမှာ လေ့ကျင့်ခန်းလုပ်ခြင်းမှ ရှောင်တာ
- ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်နိုင်မယ့် အရေးပေါ်ဆေးတွေကို ဆောင်ထားတာတွေက EIB မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လှချင်လို့၊ ကျန်းမာချင်လို့ လေ့ကျင့်ခန်းတွေ၊ အားကစားတွေ လုပ်ပါတယ်ဆိုမှ ရုတ်တရက်အသက်ရှူကြပ်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတာမျိုးဆိုရင် စိတ်ညစ်ရမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကြောက်လန့်ပြီး ကျန်းမာရေး မလိုက်စားတော့တာမျိုး လုပ်ဖို့မလိုဘဲ သေချာကာကွယ် ဂရုစိုက်ရင် တခြားသူတွေလိုပဲ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လို့ရတာမို့ လေ့ကျင့်ခန်းလုပ်စဥ် အသက်ရှူကြပ်တတ်ရင် အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ဂရုထားဖို့၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်